Myanmar Online Society

Online society portal for Myanmar (Burmese) people around the world

Mg kaung

တောင်ဇလပ်အိုရဲ့ မေတ္တာ

ခန္ဓာကိုယ် တစ်ခုလုံးကို ကျင်ခဲ သွားစေနိုင်သည့် လေအေးတွေက ပြတင်းပေါက်ကို ဖြတ်သန်းကာ ကျွန်မ မျက်နှာပေါ်သို့ အရှိန်ခပ်ပြင်းပြင်းနှင့် တိုးဝှေ့တိုက်ခတ် နေသည်။ စိမ့်ချမ်းလာသည့် အအေးဒဏ်က ကျွန်မ၀တ်ထားသော ဆွယ်တာကို ထိုးဖောက် ၀င်ရောက်လာသည်။ ကျွန်မ ထိုင်ခုံ လက်တန်းပေါ်တွင် တင်ထားသော ဂျာကင်ကို ယူဝတ်လိုက်မိ တော့၏။ အေးလိုက်တာနော်။ ချင်းတောင်တန်း၏ အအေးဒဏ်ကို မိုးစက်များက အားဖြည့် ပေးလိုက်သောအခါ ခန္ဓာကိုယ်တွင်းရှိ သွေးများ ခဲသွားလေမလား ဟုပင် ကျွန်မ တွေးလိုက်မိ၏။ ချင်းပြည်နယ်ရှိ တိုက်နယ် ဆေးရုံလေးတွင် တာဝန်ကျသည်ဟု သိစဉ်က ဒီလောက် အထိ အေးလိမ့်မည်ဟု ကျွန်မမထင်ခဲ့မိပေ။ သို့သော် ကျွန်မ ဤရွာလေးသို့ စတင်ရောက်ရှိသည့် နေ့မှစ၍ “အရိုးကွဲအောင် အေးသည်” ဆိုသော စကားကို ကောင်းကောင်း နားလည်သွားခဲ့ပြီ။

ဤဆေးရုံ အဆောက်အအုံ အသစ်လေး၏ ဖွင့်ပွဲကို လွန်ခဲ့သော ခုနစ်ရက်က ကျင်းပခဲ့၏။ ကျွန်မက ဤဆေးရုံလေး၏ ပထမဆုံး တာဝန်ကျသော ဆရာဝန်။ ကျွန်မ တာဝန် ထမ်းဆောင်နေရသော ခုနစ်ရက်အတွင်း ပြင်ပလူနာ အနည်းငယ်နှင့် ဆေးရုံတင်ထားရသော လူနာ သုံးဦးသာ တွေ့ရသေးသည်။ လူနေ ကျဲပါးသည့် အပြင် တစ်ရွာနှင့် တစ်ရွာ အလှမ်းကွာ ဝေးမှုကလည်း လူနာနည်း ပါးစေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်မည်ဟု ကျွန်မ တွေးလိုက်မိသည်။

“ဒေါက်တာ ချမ်းနေပြီလား”
သူနာပြုဆရာမလေး ဆုန်နူးလျန်၏ အမေးကို ကျွန်မ ပြုံးရယ်၍ ခေါင်းညိတ်ပြ လိုက်၏။ ဤဆေးရုံလေးတွင် ကျွန်မနှင့် အတူ တာဝန်ထမ်းဆောင်ရမည့် သူနာပြု ဆရာမ နှစ်ဦး အနက် ဆုန်နူးလျန်သည် ဤရပ်ရွာ ဇာတိဖြစ်သူ လေးတစ်ဦး။ အခြားသူနာပြု တစ်ဦးမှာ မြတ်နိုးဝေ ဟုခေါ်သော မြေပြန့်သူလေးဖြစ်သည်။

“ချင်းပြည်နယ်ရဲ့ အလှဟာ အသက်ဝင် နေတဲ့ ပန်းချီကား တစ်ချပ်လိုပဲနော်။ ဘာမှ အပြစ်ပြောစရာ မရှိလောက်အောင် အေးချမ်း ပြည့်စုံနေတဲ့ အလှတရားပဲ”

ကျွန်မက ပြတင်းပေါက်မှ ရှုခင်းကို ငေးကြည့်ရင်း နူးနူးကို ပြောလိုက်မိသည်။ စိမ်းညို့နေသော တောင်စဉ်၊ တောင်တန်းတွေ။ မြင့်မား မတ်စောက်နေသော တောင်ကမ်းပါးယံကြီးများ။ ထိုအရာများကြားတွင် လွင့်ပျံ ရွေ့လျားနေသော တိမ်စိုင်ဖြူတွေ။ ရင်ထဲကို အေးချမ်းသွားစေသည့် ပြတင်းတံခါးမှ ခပ်မှိုင်းမှိုင်း ရှုမျှော်ခင်းက ကျွန်မကို မျက်စိ မလွှဲနိုင်လောက်အောင်ပင် ဖမ်းစားထားသည်။ ထိုရှုခင်းများကြားတွင် မိုးစက်မိုးပေါက်လေးတွေက ရွေ့လျား သက်ဝင်နေ၏။ ဒီနေ့တစ်နေ့လုံး မိုးရွာနေသည်။ သိပ်မသည်းဘဲ ခပ်ဖွဲဖွဲရွာသော မိုးဖြစ်၏။ မိုးစက်ကလေးများကို ကျွန်မ ငေးမောနေဆဲမှာပင်
“ဒေါက်တာနဲ့ တွေ့ချင်လို့တဲ့”

နူးနူးက ချင်းအဘွားအို တစ်ယောက်ကို ဖေးမခေါ်ဆောင်ကာ ကျွန်မအခန်းထဲသို့ ၀င်လာသည်။ အဘွားအိုမှာ အသက်ရှစ်ဆယ်ကျော်၊ ကိုးဆယ်နီးပါးပင် ရှိလောက် မည်ဟု ကျွန်မ ခန့်မှန်းမိလိုက်သည်။ အဘွားအို၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများက တွန့်လိပ်ခွေခေါက်နေပြီ။ ထိုပါးရေတွန့်သော မျက်နှာ ပေါ်တွင် ဆေးမင်ကြောင်များက ထင်ရှားစွာ ပေါ်လွင်နေ၏။ ငွေမှင်ရောင် ဆံထုံးလေးက လက်သီးဆုပ်လောက်ပင် မရှိအောင် သေးငယ်နေ၏။ အဘွားအို၏ ကိုယ်လုံးကိုယ် ဖန်မှာ သေးသေး ညှက်ညှက်လေး။ ဟောင်းနွမ်း၍ အရောင် အဆင်းပင် မပေါ်လွင်တော့သော ဖျင်ကြမ်း အထည်များကို ၀တ်ဆင်လာသည်။ ဟောင်းနွမ်း အိုမင်း နေသော အသွင်အပြင်နှင့် မလိုက်အောင်ပင် အဘွားအို၏ မျက်လုံးတွေက စူးရှ သက်ဝင်ကာ မျှော်လင့်ချက်ဖြင့် တလက်လက် တောက်ပ နေသလိုပါပဲလား။ ဒီအဘွားအို ဘာရည်ရွယ်ချက်နဲ့များ ကျွန်မဆီ ရောက်လာပါလိမ့်။

“နူးနူးရေ အဘွားဘာကြောင့် ဆေးရုံလာလဲလို့ မေး ပေးပါဦး”
ချင်းစကား မတတ်သော ကျွန်မအတွက် သူနာပြု ဆရာမလေး ဆုန်နူးလျန်က စကားပြန်။ မြန်မာလို “ကျေးဇူးတင်ပါတယ်” ကို ချင်းစကားဖြင့် “ကလုမ်း အော်အီးဇက်”ဟု ပြောရသည် ဟုသာ ကျွန်မ သိသည်။ ထို စကားတစ်ခွန်းမှ လွဲ၍ ကျန် သည့်စကားကို နားမလည်။ ပြောလည်း မပြောတတ်။ ချင်းစကားကို နူးနူးထံမှ ပြန်သင်ရဦးမည်ဟု ကျွန်မ စဉ်း စားထားသည်။ နူးနူးက ချင်းဘာသာစကားဖြင့် အဘွားအိုကို မေးလိုက်ရာ အဘွားအိုက တစ်စုံတစ်ရာကို ပြန်လည်ဖြေပြီးနောက် ကျွန်မထံသို့ မျှော်လင့်တကြီးငေးကာ တိုးလျှိုး တောင်းပန်ဟန်ဖြင့် ဖြူစင်နူးညံ့စွာ ပြုံးပြလေ၏။

“ဒေါက်တာ၊ အဘွားက ဟိုးအဝေးကြီးက ရွာလေးက လာတာပါတဲ့။ အဘွားရဲ့ မြေးလေးက အမောဖောက် အသက်ရှူကျပ်ပြီး၊ ကိုယ် အရမ်းပူနေလို့ ဒေါက်တာ့ကို လာခေါ်ရတာပါ။ မိုးတွေ တစ်နေကုန် ရွာနေလို့ ကလေးကို ခေါ်လာလို့ မရလို့ပါ။ ဖြစ်နိုင်ရင် ဒေါက်တာရွာကို လိုက်ခဲ့ပြီး မြေးလေးရဲ့ အသက်ကို ကယ်ပေးပါတဲ့”

နူးနူးရဲ့ စကားအဆုံးမှာ ကျွန်မ အဘွားအို၏ မျက်နှာကို တစ်ချက်လှမ်းကြည့် လိုက်မိသည်။ ဒီတစ်ခါမှာ တော့ မျှော်လင့်ခြင်း လွှမ်းခြုံ နေသော အဘွားအို၏ မျက်ဝန်းများ နောက်ကွယ်မှ စိုးရိမ်ပူပန် သောကများကို ကျွန်မ ထင်ရှားစွာ တွေ့မြင်လိုက်ရ သည်။ ကျွန်မ၏ တာဝန်က ဆေးရုံသို့ လာရောက် ကုသသော လူနာများကို ပြုစုကုသ ပေးရန်သာ ဖြစ်သည်။ သို့သော်လည်း အားကိုး တကြီးဖြင့် ကျွန်မထံရောက် လာသော အဘွားအို တစ်ဦး၏ မျှော်လင့်ချက်ကို ကျွန်မ ရိုက်ချိုး မပစ်နိုင်ပါ။

“နူးနူး၊ အဘွားနေတဲ့ ရွာက ဒီနဲ့ ဘယ်လောက်ဝေးသလဲ”

နူးနူးက မေးရာ အဘွား အိုက လက်ညှိုးညွှန်ပြ၍ ပြန် ဖြေနေ၏။
“ဒေါက်တာ၊ ဒီကနေ တောင်တစ်လုံး ကျော်ပြီးမှ ရောက်မှာ၊ သုံးနာရီနီးပါး လမ်းလျှောက်ရမှာတဲ့”

မြတ်စွာဘုရား။ ဒီတစ်ခါတော့ ကျွန်မစိတ်ထဲမှာ ဘုရားတမိလိုက်သည်။ အခု ပဲ ညနေ သုံးနာရီထိုးပြီ။ ဒီ အချိန်စသွားရင်တောင် ညနေ ခြောက်နာရီမှ ရွာကိုရောက်မှာ။ ညတွင်းချင်း ဆေးရုံကို ပြန်လာဖို့ရန်လည်း ဖြစ်နိုင်မည် မထင်ပေ။ တောင်ခါး ပန်းရှိ လူသွားလမ်းတွေက လမ်းရယ်လို့ ပီပီပြင်ပြင်မရှိ။ ကျဉ်းမြောင်းသည့် အပြင် မိုးရေနှင့် စိုစွတ်ကာ ချောနေ နိုင်သည်။ ကျွန်မ အလွန် ကြောက်သည့် ကျွတ်တွေကလည်း ချုံဖုတ်မြက်ပင်တွေ ကြားမှာ ပေါမှပေါ။ ဒေသခံ မဟုတ်သည့် ကျွန်မ ဒီခရီးကို ဘယ်လိုများ သွားရပါ့မလဲ။ ကျွန်မ စိတ်ညစ်ညူးစွာဖြင့် နူးနူးကို မော့ကြည့်လိုက်တော့ နူးနူးကလည်း ကျွန်မအကြည့် ကို နားလည်သွားသလိုပင်။ အဘွားအိုကလည်း ကျွန်မ၏ အမူအရာကို ရိပ်မိဟန်တူကာ နူးနူး၏ လက်ဖ၀ါးလေးကို ဆွဲကိုင်ရင်း ချင်းစကားဖြင့် တတွတ်တွတ် ပြောနေရင်း မျက်ဝန်းများတွင် မျက်ရည်များ ဝေ့သီလာသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျွန်မ စိတ်မကောင်း နိုင်တော့ပေ။

“ဒေါက်တာ၊ အဘွားက သူ့မြေးလေးရဲ့ အသက်ကို ကယ်ပေးပါတဲ့။ သူ့မှာ ယောက်ျားလည်း မရှိတော့ဘူး။ သမီးနဲ့ သားမက်ကလည်း ကားမှောက်ပြီး ဆုံးသွားပြီ။ ဒီမြေးလေးဟာ သူ့ဘ၀ပါတဲ့။ သူ့မြေးလေးက အခုမှသုံးနှစ်ပဲ ရှိသေးတယ်။ ဒီလောက်ငယ် ငယ်လေးနဲ့ သေသွားမှာကို သူမကြည့်ရက်နိုင်လို့ပါ။ ဒေါက်တာသာ မြေးလေးရဲ့ အသက်ကို ကယ်ရင် ဒေါက်တာ ခိုင်းတာ ဘာမဆို သူလုပ်ပေးပါ့ မယ်တဲ့”

သနားစရာကောင်း လိုက်သည့် အဘွားအို။ ကျွန်မက အဘွားကို ဘာမှ မလုပ်ခိုင်းပါဘူးကွယ်။ အခု လောလောဆယ် ကျွန်မအဘွား၏ ရွာကို ဘယ်လို လိုက်ရမလဲ။ ရေညှိတွေနဲ့ ချောကျိနေသည့် တောင်ခါးပန်း လမ်းကျဉ်းလေးတွေကြားက လိုက်ရမှာ။ မတော်တဆ ခြေချော်ကျရင် ဟိုးအောက်က ချောက်အနက်ကြီးထဲကျပြီး အရိုးတခြား၊ အသားတခြား ဇီဝိန် ချုပ်ငြိမ်းသွားရမှာလေ။

အို မဟုတ်သေးပါဘူး။ ဒီလို မတွေးသင့်ဘူးလေ။ ကျွန်မဟာ ဆရာဝန် တစ်ယောက် မဟုတ်ဘူးလား။ ဆရာဝန် ဆိုတာ ကိုယ် အသက်ကယ်နိုင်မည့် လူနာဆီကို သွားဖို့ ဘာကြောင့် တွေဝေ တွန့်ဆုတ်နေရမှာလဲ။ အသက်ကိုးဆယ်လောက်ရှိသည့် အဘွားအိုတောင်မှ ခက်ခက်ခဲခဲ မိုးရွာထဲမှာ ကျွန်မဆီ အရောက် လာနိုင်သေးတာပဲ။ ငယ်ငယ်ရွယ်ရွယ်သန် သန်မာမာ ကျွန်မက ဘာကြောင့်များ အဘွားအို၏ ရွာကို မလိုက်နိုင်ရမှာလဲ။

“နူးနူးရေ၊ လိုအပ်မယ့် ဆေးတွေထည့်၊ ဆေးအိတ် ပြင်လိုက်၊ နူးနူးနဲ့ ကျွန်မ အဘွားရဲ့ ရွာကို လိုက်သွားကြတာပေါ့။ ဆေးရုံက လူနာ တွေအတွက် မြတ်နိုးကို မှာစရာရှိတာ မှာထားခဲ့လိုက် မယ်”

ကျွန်မက ဆုံးဖြတ်ချက် အတိုင်း ပိုင်ပိုင်နိုင်နိုင်ပြောပြီး ထိုင်ခုံမှထကာ အဘွားအိုကို ပြုံးပြလိုက်မိသည်။
ဆေးအိတ် ပြင်ဆင်ပြီးသည့်နောက် အဘွားအိုကို ရှေ့မှာလမ်းပြစေကာ ကျွန်မနှင့် နူးနူး လိုက်လာကြ၏။ တစ်နေ့လုံး စွေနေသော မိုးက အခုတော့ တိတ်သွားပြီ။ အဘွားအိုက ဆေးရုံအ၀င်တွင် ထားခဲ့သော တောင်ဝှေးကို ထောက်ကာ မိုးမစိုအောင် ဆောင်းလာဟန် တူသော ခမောက်ရှည်နှင့် တူသည့် အရာကို ခေါင်းပေါ်သို့ တင်ကာ ဆေးရုံဝင်းထဲမှ ထွက်လိုက်လေသည်။ အဘွားအို၏ ဟန်ပန်က လေးလံခြင်း မရှိ။ ပေါ့ပါးသွက်လက်ကာ အားမာန် အပြည့်ရှိသည့် ပုံစံနှင့်။

အဘွားအိုက တောင်ဝှေးလေး ထောက်ကာ ထောက်ကာ တောင်ခါးပန်းရှိ ကွေ့ကွေ့ကောက်ကောက် လမ်းကလေး အတိုင်း လျှောက်သွားရာ ကျွန်မနှင့် နူးနူးလည်း နောက်မှ လိုက်သွားရတော့သည်။ ကျွန်မတို့ ဆေးရုံက တောင်ပေါ် မြေကွက်လပ်လေးမှာ တည်ဆောက် ထားသည်။ ဆေးရုံ တောင်ထိပ်မှ အဆင်းလမ်းလေးက တိမ်ငွေ့ တိမ်ခိုးများကြောင့် သဲသဲကွဲကွဲ မမြင်ရ။ လမ်းဘေးမှာ ပေါက်ရောက်နေသော တောင်ဇလပ်ပင်တွေကတော့ ရဲရဲနီစွာ ပွင့်နေဆဲ။ တောင်ဇလပ်ပန်း တွေကို ကျွန်မ ချစ်သည်။ အဖြူရောင်ထက် အနီရောင် တောင်ဇလပ်ပန်းကို ပိုနှစ်သက် မိသည်။ အနီရဲရဲ အရောင်က ကျွန်မ၏ စိတ်ဓာတ်ကို ရဲဝံ့ တက်ကြွစေ၏။

“အား”
လျှောခနဲ ချော်ထွက် သွားသော ကျွန်မကို နူးနူးက လှမ်းဆွဲလိုက်၍သာ ချော်လဲ မသွားခြင်း ဖြစ်သည်။ ပန်းပင်တွေကို အငေး လွန်သွားတဲ့ ကျွန်မ ဒီလောက် ငေးရသလားဟု ကိုယ့်ကိုယ်ကို အပြစ်တင် လိုက်မိသည်။ ကျွန်မ ညာဘက်မှာက နက်ရှိုင်းသည့် ချောက်နက်ကြီး။ ကျွန်မ၏ ဘယ်ဘက်မှာတော့ မည်းနက်နေသည့် ကျောက်တောင် နံရံ။ သည်လိုလမ်းလေးမှာ လျှောက်လှမ်းရလိမ့်မည်ဟု ကျွန်မတစ်ခါမှ မတွေးမိခဲ့ဖူးပေ။

မြေလမ်း ကလေးက ပျော့အိ နူးညံ့ကာ ကျွန်မတို့၏ ခြေရာလေးများ နစ်ဝင်ကျန် ရစ်လေသည်။ ကျွန်မ၏ ထဘီ အောက်နားစလေးတွေက လမ်းဘေးရှိ မြက်ပင်လေးများ ပေါ်တွင် တင်ကျန် နေရစ်သော မိုးပေါက်လေးတွေနှင့် ထိတွေ့ကာ စိုစွတ်လေးတွဲ လာ၏။

“ဒေါက်တာ၊ ဖြည်း ဖြည်းလျှောက်နော်”

တိမ်စိုင်ထု တစ်ခုက ရှေ့မှ ကာဆီးနေသောကြောင့် နူးနူးက ကျွန်မကို လှမ်း၍ သတိပေးလိုက်သည်။ အဘွားအိုက ရှေ့ဆုံးက၊ ကျွန်မက အလယ်၊ နူးနူးက နောက်ဆုံးမှနေ၍ တန်းစီ လျှောက်လာကြသည်။ တိမ်စိုင်ထုထဲသို့ အဖြတ် ပတ်ဝန်းကျင် တစ်ခုလုံးေ၀၀ါးမှုန် မှိုင်းသွားကာ ခန္ဓာကိုယ် တစ်ခုလုံးလည်း အေးစိမ့် ကျင်တက်သွား၏။ ထိုနေရာကို ခပ်ဖြည်းဖြည်း ဖြတ်လျှောက် ကျော်လွန်ပြီးသော အခါ တောင်စောင်းတွင် ပေါက်နေသော သစ်ပင်ကြီး တစ်ပင်တွင် တွယ်ကပ် ပေါက်နေသော သစ်ခွပန်းများကို မြင်လိုက်ရသည်။ သစ်ခွပန်း အမည်ကို ကျွန်မ မသိပေ။ ရေညှိ ဖုံးလွှမ်းနေ သော သစ်ပင် ပင်စည်ကြီး ပေါ်တွင် အဖြူပွင့် သေးသေးလေးတွေက အခက်လိုက်၊ အခိုင်လိုက် ၀င့်ကြွားစွာ လှပနေသည်။ ပန်းပင်တွေကို ငေးရင်း တစ်ဖက်ကလည်း ချော်မလဲရအောင် ဂရုစိုက်ရင်း လျှောက်လာရာ တောင်ခြေ ရောက်တော့ ကျွန်မ အတော် မောပန်းနေပြီ။ အသက်ရှူ မြန်လာကာ ခန္ဓာကိုယ်လည်း အနည်းငယ် ပိုမို နွေးလာသလိုပင်။ တောင်ခြေမှာ စမ်းချောင်းလေးက တသွင်သွင် ဖြတ်သန်းစီးဆင်း နေလျက်။ ထိုချောင်းလေးပေါ်မှာတော့ သစ်လုံး နှစ်လုံးဖြင့် ထိုးထားသော သစ်လုံးတံတားလေး တစ်စင်း တည်ရှိနေသည်။

“ဒေါက်တာ ခဏနား ရအောင်နော်”
နူးနူးက ကျွန်မမောပန်း နေကြောင်း သိဟန်တူသည်။ အလိုက်တသိပင် ကျွန်မကို နားရန် ပြောပြီးနောက် အဘွားအိုကိုလည်း လှမ်းပြောလိုက်သည်။ နူးနူး၊ ကျွန်မနှင့် အဘွားသုံးဦးသား ချောင်းနံ ဘေးရှိ ကျောက်တုံးများ ပေါ်တွင် အမောဖြေရင်း ထိုင်နား လိုက်ကြသည်။ ချောင်းဘေး မှာ အရွယ်စုံကျောက်တုံး၊ ကျောက်စိုင်တွေ။

အဘွားအိုက ခပ်ပြားပြား ကျောက်တုံးများကို လက်ညှိုးညွှန်ရင်း နူးနူးအား စကားပြောနေ၏။ အဘွားအို ၏ စကားအဆုံးမှာ နူးနူးက “ဒီကျောက်တုံးတွေကို အဘွားတို့ရွာက လူတွေ သေဆုံးရင် သင်္ချိုင်းဂူလုပ်ဖို့ အတွက် ဒီချောင်းကမ်းပါးကနေ သယ်ယူရတာတဲ့။ မိုးအရမ်းရွာရင် ချောင်းရေကြီး လွန်းလို့ ဒီချောင်းကို ဖြတ်မရနိုင်ဘူး။ ဒီနေ့ကတော့ မိုးအကြာကြီး ရွာပေမယ့် မိုးမသည်းလို့ ချောင်းရေမကြီး တာလို့ အဘွားက ပြောနေတာ ဒေါက်တာရဲ့” ဟု ကျွန်မကို ဘာသာ ပြန်ပေး လေသည်။

“သြော်”
ကျွန်မက ခပ်တိုးတိုး ရေရွတ်ရင်း ချောင်းရေကို လှမ်းကြည့်လိုက်၏။ ရေက သိပ်နက်ပုံ မပေါ်ပေ။ အလွန်ဆုံးရှိမှ ကျွန်မ ခါးသာသာ လောက်သာ ရှိပေမည်။ သို့သော် ရေစီးကတော့ သန်မည့်ပုံ ပေါ်သည်။ ကျွန်မနှင့် နူးနူးက မောနေသော်လည်း အဘွားအိုက မောသည့်ပုံမပေါ်။ အဘွားအို၏ နှုတ်ခမ်းအစုံက ပြုံးယောင်သန်း နေ၏။ ဖွာကျ နေသော ငွေရောင်ဆံချည်မျှင်များက လည်ပင်းတစ်ဝိုက်ထိ ပျံ့လွင့်ကျနေသည်။

“နူးနူးရေ၊ အမောပြေပြီ၊ ဆက်သွားရအောင်”
ကျွန်မစကားအဆုံးမှာ နူးနူးက အဘွားအိုကို ပြောလိုက်ရာ အဘွားက တောင်ဝှေးလေး အသာမရင်း ချောင်းကူး ရန်ပြုလုပ်ထားသော သစ်လုံး တံတားလေးပေါ်မှ ဖျတ်လတ်စွာပင် ကူးကာ တစ်ဖက် ကမ်းသို့ လျှောက်လှမ်း သွား၏။ ကိုင်စရာ လက်ရန်း မရှိသော တံတားက အဘွားအို အတွက် ရင်းနှီး ကျွမ်းဝင် နေသော အရာတစ်ခုလိုပင် အသားကျကျ ဖြတ်သန်းနိုင်ခဲ့ သည်။ ကျွန်မမှာတော့ အဘွားအိုလျှောက်သည့် နှုန်း၏ တစ်ဝက် အမြန်ပင် မလျှောက်နိုင်ပါ။ ချောကျိ နေသော သစ်လုံးပေါ်မှ ပြုတ် မကျအောင် ခြေကုပ်ယူရင်း၊ တတ်သမျှ မှတ်သမျှ ဘုရား စာရွတ်ကာ တစ်လှမ်းချင်း လှမ်းသွားရသည်။ ကျွန်မ ချောင်းတစ်ဖက်ကမ်း ရောက်မှပင် “ဟင်း”ခနဲ သက်ပြင်းချ လိုက်တော့သည်။ နူးနူးကတော့ ကျွန်မလောက် ခက်ခဲပုံ မပေါ်ပေ။ ဆေးအိတ်လွယ်ရင်း ညင်သာစွာဖြင့် သစ်လုံးပေါ်မှ ဟန်ချက်ညီညီ ဖြတ် ကူးလာသည်။

ကျွန်မတို့၏ တောင်တက်လမ်း ခရီး ပြန်လည် စတင်လေပြီ။ ချောင်းဘေးမှ တဖြည်းဖြည်း မြင့်မားလာသော လမ်းလေးအတိုင်း တက်လာကြသည်။
“ဒီလမ်းတွေကို နူးနူး ရောက်ဖူးလား”

“ငယ်ငယ်ကတော့က ပါး(အဖေ)နဲ့ အတူရောက်ဖူးတယ် ဒေါက်တာ”

“အပြန်ကျရင် လမ်း မှတ်မိပါ့မလား”

“ဒီညတော့ ပြန်လို့ရမယ် မထင်ဘူး ဒေါက်တာ။ မနက်စောစောမှ ရွာက တစ်ယောက်ယောက်ကို ပြန်ပို့ ခိုင်းတာပေါ့”
နူးနူးက ရယ်ရင်း ပြောနေ၏။ နူးနူးပြောတာလည်း မှန်သည်။ ယခုပင် ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင် လာပြီ။ နာရီကြည့်လိုက်တော့ လေးနာရီခွဲ။ ကျွန်မတို့ လျှောက်လာတာ တစ်နာရီ ခွဲလောက်ပဲ ရှိသေးပါလား။

“မမှောင်ခင် ရွာရောက် ပါ့မလား နူးနူး။ အဘွားကို မေးကြည့်ပေးပါ”

ကျွန်မက စိုးရိမ်စွာဖြင့် နူးနူးကို မေးခိုင်းလိုက်၏။ အမှောင်ထဲမှာ ဤခရီးကို ဆက်သွားရန် ကျွန်မအတွက် အလွန် ခက်ခဲပေလိမ့်မည်။
“ဒီတောင်ထိပ် ကျော်ပြီး ပြန်ဆင်းရင် ရောက်ပြီတဲ့ ဒေါက်တာ။ ခရီးတစ်ဝက် ကျော်လာပြီ။ မမှောင်ခင် ရွာရောက်မှာပါတဲ့”

နူးနူး၏ စကားကိုကြား လိုက်ရတော့မှ ကျွန်မစိတ် သက်သာရသွားတော့သည်။ ကျွန်မ၏ဘ၀ကို မြို့ပေါ်မှာ ကျန်ရစ်သည့် သူငယ်ချင်းတွေများ ပြန်သိရင် ဘယ်လို နေကြမလဲ။ “ဒီလောက်နုတဲ့ မီမီက ဒီလို ခရီးမျိုးကို သွားနိုင်လို့လား” ဆိုပြီး မယုံသင်္ကာ မေးကြလေမလား။ တကယ်တော့လည်း ကျွန်မကိုယ် ကျွန်မ အံ့သြမိသည်။ လူနာ အသက်ကယ်တင်ရန် ဟူသော စိတ်ဓာတ်က ကြီးစိုး သွားသောအခါ အခက်အခဲတွေ ကျော်ဖြတ်နိုင်သည့် စိတ်ဓာတ် ခွန်အားတစ်ခု ကျွန်မ စိတ်ထဲမှာ အလိုလိုပင် ပေါ် ပေါက်လာသည်။

ပင်လယ်ရေ မျက်နှာ ပြင်အထက် အမြင့်ပေ ငါးထောင် နီးပါးရှိမည်ဟု ထင်ရသော တောင်ထိပ်နားသို့ တရွေ့ရွေ့ တက်လာကြပြန်သည်။ ကျွန်မ ခြေထောက်တွေ မသယ်ချင်တော့လောက်အောင်ပင် လေးလံ ထုံထိုင်း နေသည်။ လူတစ်ကိုယ်လုံးလည်း နာကျင် ကိုက်ခဲနေ၏။ ခြေသလုံး ကြွက်သားတွေ တောင့်တင်းလာကာ ခြေဖ၀ါးများလည်း နာကျင် ပွန်းစပ်နေပြီ။ ခဏ နားချင်သော်လည်း မှောင်လာသော ပတ်ဝန်းကျင်ကြောင့် အနားယူချင်သော ဆန္ဒနှင့် ဆန့်ကျင်ကာ ခပ်သွက်သွက် လှမ်းနေရသည်။

“ဟောတော့”
ရှေ့မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မ အတော်ပင် စိတ်ညစ်သွားသည်။ အတော်အတန် ကြီးမားသော သစ်ပင်တစ်ပင်က လူသွားလမ်းလေးကို ကန့်လန့်ဖြတ်ကာ လဲကျနေ သည်။ အဘွားအိုကလည်း ထိုသစ်ပင်အနီးရောက်တော့ နောက်လှည့်ကာ ကျွန်မနှင့် နူးနူးကို ပြောလိုက်သည်။ နူးနူးက အဘွားအို၏ စကားကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပြီးနောက် ကျွန်မကို ပြန်ပြောပြလေသည်။

“ဒီသစ်ပင်က မနက်က အဘွား လာကတည်းက လမ်းပိတ်နေတာတဲ့။ အဲဒီ သစ်ပင်ပေါ်ကို ကျော်လာ ရတာတဲ့”
သွားပါပြီ။ ဒီသစ်ပင်ကို ကျွန်မဘယ်လို ကျော်သွားရမလဲ။ သစ်ပင်စည်လုံး ပတ်အမြင့်က ကျွန်မခါး ကျော်ကျော် မြင့်သည်။ အဘွားနှင့် နူးနူးက သစ်ကိုင်းများမှတစ်ဆင့် ပင်စည်ပေါ်ရောက်အောင် တက်လိုက်ကာ ကျွန်မကို လက်ကမ်းပေး လိုက်ကြ သည်။ ကျွန်မအား ကမ်းလင့် ပေးသော အဘွားအို၏ လက် အစုံမှာ ကြမ်းရှနေ၏။ သို့သော် ထိုကြမ်းရှနေသော လက်ဖ၀ါးပြင်ကို ကျွန်မ တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သောအခါ နွေးထွေးသော ခွန်အားများ ကျွန်မ ကိုယ်တွင်းသို့ စီးဆင်းသွားသလို ခံစားလိုက်ရသည်။ ထူးဆန်းလှချည်လား။ အသက် ကိုးဆယ်အရွယ် အဘွားအို၏ လက်ဟာ ဘာကြောင့် ဒီလောက် သန်မာပြီး ခွန်အားပြည့်နေပါလိမ့်။

အဘွားနှင့် နူးနူး၏ ကျေးဇူးကြောင့် ကျွန်မလမ်း ပိတ်လဲကျနေသော သစ်ပင်ကြီးကို ကျော်ဖြတ်နိုင်တော့၏။ ရှေ့ဆက် လျှောက်သွားရာ တောင်ဇလပ်ပန်း နီနီတွေကို မြင်ရပြန်ပြီ။ သို့သော် မှောင်စပြုလာသော အလင်းရောင်ကြောင့် ရဲရဲနီ မနေတော့ဘဲ နီညိုရောင် ပြောင်းစပြုလာပြီ။ မြူခိုးငွေ့ နောက်ခံနှင့် အရွက်စိမ်းစိမ်းများကြားမှ တောင်ဇလပ်ပန်းတွေက ပန်းချီကား တစ်ချပ်လိုပင် ရှုမငြီးဖွယ် လှပတင့်တယ် နေသည်။
အဘွားအိုက ခဏရပ် နားကာ တောင်ဝှေးကို လွှတ်၍ ထိုလက်ဖ၀ါးဖြင့် သူမ၏ ဘယ်ဘက် လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ထိုလက်ဖ၀ါးကို ဖြန့်လိုက်သော အခါ
“အို နူးနူးရေ သွေးတွေ ပါလား”

အဘွားအို၏ လက်ဖ၀ါးမှ သွေးကို မြင်လိုက်ရသော အခါ ကျွန်မ အံ့သြသွားသည်။ အဘွား ဘယ်အချိန်က ဒဏ်ရာ ရခဲ့တာလဲ။ ကျွန်မနှင့် အတူ လျှောက်လာစဉ်တော့ ဘာမှ မခိုက်မိပါဘူး။ အဘွားအို အတွက် ကျွန်မ စိုးရိမ်သွားမိသည်။ နူးနူးက အဘွားအို အနားသွားကာ မေးမြန်းနေ၏။ ကျွန်မက လက်မောင်းမှ ဒဏ်ရာကို သေချာကြည့် လိုက်တော့ ဂျပ်ခုတ်အင်္ကျီပင် စုတ်ပြဲကာ ဒဏ်ရာက သွေးစိမ့်ထွက်နေသည်။
“ဆေးရုံအလာ လမ်းမှာ ချော်လဲပြီး ကျောက်စွန်းနဲ့ ရှသွားတာတဲ့”

အနက်ရောင် ဂျပ်ခုတ် အင်္ကျီမှာ စိုနေသော သွေးများကို ကျွန်မ မမြင်လိုက်မိပေ။
“နူးနူး အဘွားရဲ့ ဒဏ်ရာကို ဆေးထည့်ရအောင်”

နူးနူးက ဆေးအိတ်ဖွင့်ရန် ပြင်စဉ်မှာပင် အဘွားအိုက လက်ကာပြပြီး ခေါင်းတယမ်းယမ်းနှင့် စကားပြောနေသည်။ အဘွားအိုက ဟိုးတောင်ခြေ ခပ်လှမ်းလှမ်းဆီ သို့လည်း လက်ညှိုး ညွှန်ပြ နေသည်။

“ဒေါက်တာ၊ အဘွားက သူ့ဒဏ်ရာက အရေးမကြီးပါဘူးတဲ့။ အခုဒဏ်ရာကို ဆေးထည့်လိုက်ရင် သူ့မြေးလေး ဆီရောက်ဖို့ အချိန် နောက်ကျနေမှာ စိုးလို့ မထည့်တော့ဘူး။ ဟိုးအောက် တောင်ခြေ နားဆိုရင် ရွာရောက်ပြီ။ သူ့မြေးလေးကို ဆေးကုပေး ပြီးမှပဲ သူ့ဒဏ်ရာကို ဆေးထည့်ပေးပါတဲ့”

ကျွန်မရင်ထဲ နင့်ခနဲ ဖြစ်သွားသည်။ သွေးစိမ်းရှင်ရှင် ကျနေသော ဒဏ်ရာကို ဥပေက္ခာပြုလျက် မြေးဇောနှင့် လှုပ်ရှားနေသော အဘွားအိုကို ကြည့်ရင်း ဒီခရီးကို လိုက်လာမိသည့် အတွက် ကိုယ့်ကိုယ်ကို ကျေနပ် သွားမိသည်။ မြေးငယ်လေးကို နှစ်နှစ်ကာကာ ပုံအောချစ် မြတ်နိုးလွန်းသည့် အဘွားအို ကို ကျွန်မ လေးစားစွာ ကြည့်လိုက်မိသည်။

“နူးနူးရေ သွေးတိတ်အောင် ပတ်တီးနဲ့ ခပ်တင်း တင်းစည်းထားရအောင်။ ရွာရောက်မှ လိုအပ်တာ ဆက်လုပ်တာပေါ့”

နူးနူးနှင့် ကျွန်မ အဘွားအို၏ ဒဏ်ရာကို ပတ်တီးဖြင့် စည်းနှောင်ပေးပြီးနောက် ရွာရှိရာ တောင်ခြေသို့ ဦးတည် လာကြသည်။ ဒီလောက် အေးနေသည့် ရာသီဥတုမှာ အဘွားအို၏ ဒဏ်ရာက တော်တော် ကိုက်ခဲနာကျင် နေရှာမှာပဲ။ ကျွန်မ တွေးမိသွားရင်း စိတ်မကောင်းဖြစ်သွားသည်။ ရွာရောက်မှ အဘွားတို့ မြေး အဘွား နှစ်ယောက်စလုံးကို သေသေချာချာပြုစု ကုသပေး လိုက်မည်ဟု စိတ်ဖြေတွေး တွေးလိုက်ရင်း ခပ်မြန်မြန် လျှောက်လိုက်သည်။

မကြာမီပင် ကျွန်မတို့ သုံးဦးသား ရွာစွန်သို့ ရောက်လာကြသည်။ ရွာငယ်လေး က အိမ်ခြေဆယ်အိမ်ခန့်သာ ရှိမည်ထင်သည်။ အမှောင် ထုကြောင့် ပြတ်ပြတ်သားသား မမြင်ရတော့ပေ။ အိမ်လေးတွေက မညီမညာ တောင် စောင်းမှာ ဟိုတစ်အိမ်၊ သည် တစ်အိမ် တည်ရှိနေသည်။ ခြေတံရှည် အိမ်ငယ်လေးများ ရှေ့တွင် ကလေးငယ်အချို့က ကျွန်မနှင့် နူးနူးကို အထူး အဆန်းသဖွယ် ထွက်ကြည့် ကြသည်။

အဘွားအိုက သစ်လုံး များနှင့် ဆောက်ထားသော ခနော်ခနဲ့ ခပ်သေးသေး တဲအိမ်ငယ်လေး ရှေ့သို့ ဦးဆောင် ခေါ်သွားသည်။ အဘွားအိုက ၀ါးကြမ်းခင်းကို တအိအိ နင်းလျှောက်ရင်း အိမ်ထဲသို့ ဦးဆောင်ဝင်သွား၏။ အိမ်ထဲမှာတော့ မည်းမှောင်မှိုင်း လျက်။ ကျွန်မနှင့် နူးနူးက အိမ်အ၀င်ဝတွင် မတ်တတ် ရပ်စောင့်နေစဉ် အဘွားအိုက အိမ်တွင်းမှ ထင်းရှူးဆီမီးတိုင် ကို မီးညှိလိုက်လေသည်။

မီးတိုင်၏ အလင်းရောင်ကြောင့် အိမ်အတွင်းမှ အရာ ၀တ္ထုများကို ပြက်ပြက်ထင် ထင်မြင်လာရသည်။ မည်း ညစ်ဟောင်းနွမ်းနေသော အိုးခွက်များ၊ ဆန်ခါတောင်းများ။ ကျွန်မရှေ့ ခြေလေးလှမ်း အကွာလောက်တွင် ဟောင်း နွမ်းကာ ဖာထေးထားသော စောင်များနှင့် ရစ်ပတ်ထွေး နှောင်ထားသော ကလေးငယ် သဏ္ဌာန်လေး။ “အို အဘွား ကလည်းကလေးကို အစောင့် မထားဘဲ ဒီအတိုင်းပဲ ပစ်ထား ခဲ့ရသလား။ ဒီလောက်တောင် စောင်တွေအထပ်ထပ်နဲ့ ရစ်ပတ်ထားတာ ကလေးမွန်းနေ တော့မှာပဲ” ကျွန်မ တွေးနေ စဉ်မှာပင် အဘွားအိုက ကျွန်မ နှင့် နူးနူးကို ကြည့်ကာ စကားပြောလေသည်။
“အဲဒါ အဘွားရဲ့ မြေးလေးပဲ ဒေါက်တာ။ ဒေါက်တာ အတတ်နိုင်ဆုံး ကယ်တင် ကုသပေးပါတဲ့”

နူးနူးက ဆေးအိတ်ကို ၀ါးကြမ်းခင်းပေါ်သို့ အသာ အယာချရင်း ကျွန်မကို ပြော ပြပေး၏။ ထင်းရှူး ဆီမီးတိုင် အောက်တွင် အဘွားအို၏ မျက်လုံးလေးတွေက မျှော်လင့် ခြင်းကြီးစွာဖြင့် တဖျပ်ဖျပ် တောက်ပနေလေသည်။ ကျွန်မကလည်း အချိန်မဆွဲ တော့ဘဲ ကလေးငယ်ဆီသို့ အမြန်လျှောက်သွားလိုက်ပြီး ကလေးငယ်အား အထပ်ထပ် ရစ်ပတ်ထားသောစောင်များ ကိုဖယ်ရှားလိုက်စဉ် -
“ဟင်”
ကျွန်မ၏ မျက်ဝန်းအစုံ ၀ိုင်းစက်ပြူးကျယ်သွားသည်။ စောင်ကို ဖယ်ရှား ပစ်လိုက်သော ကျွန်မလက်တွေက လှုပ်ရှားလို့ မရတော့ဘဲ လေထဲမှာတင် ရပ်တန့် သွားသည်။ ကျွန်မ တစ်ကိုယ်လုံး အေးခဲသွားကာ ကျောက်ရုပ်လို တောင့်မတ်နေမိတော့ သည်။

ဆေးအိတ်ကို ဖွင့်နေဆဲ နူးနူးကလည်း အံ့သြ တုန်လှုပ်သော မျက်ဝန်းအစုံဖြင့် ငေးစိုက်ကြည့်ရင်း၊ လက်အစုံက ရပ်တန့်ကာ ဆေးအိတ်ကိုပင် ဆက်မဖွင့် နိုင်တော့ပေ။ ထိုစဉ် ထင်းရှူးဆီမီးတိုင် ကိုင်ထားသော ချင်းအမျိုးသား ကြီးတစ်ဦးနှင့် ချင်းအမျိုး သမီးကြီးတစ်ဦး တဲအတွင်း သို့ ၀င်လာလေသည်။

သူတို့နှစ်ဦးက ကြောင်ငေးနေမိသော ကျွန်မတို့ နှစ်ဦးနှင့် အဘွားအို၏ အဖြစ်ကို ရိပ်မိသွားဟန် တူသည်။ ချင်းအမျိုးသမီးကြီးက ကျွန်မလက်ထဲမှာ ကိုင်ထား ဆဲဖြစ်သော စောင်နှင့်ထုပ်ထား သည့် ကလေးငယ် သဏ္ဌာန် အရာလေးကို သိမ်မွေ့စွာ လက်လွှဲပြောင်း ယူလိုက်၏။ သူမက ကျွန်မကို တစ်ချက် ပြုံးပြီး အဘွားအိုဘက်သို့ လှည့်ကာ ထိုသဏ္ဌာန်လေးကို အဘွားအို၏ ရင်ခွင်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက် သည်။ အဘွားအိုကတော့ သက်ရှိ ကလေးငယ်လေး နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ လန့်နိုးသွားမှာ စိုးရိမ်သည့် ပမာ သာယာဖြည်းညင်းစွာ ပွေ့ပိုက်ရင်း ရင်ခွင်ထဲမှာ ထွေးပွေ့ထားဆဲ။

ဘာတွေလဲ။ ကျွန်မ ဘာကိုမှ နားမလည်နိုင်တော့။ ချင်းအမျိုးသားကြီး ကတော့ နူးနူးကို ချင်းဘာသာနှင့် ပြောဆိုနေသည်။ နူးနူး၏ မျက်နှာပေါ်မှာတော့ ပထမတော့ နားမလည်နိုင်သည့် အရိပ်၊ ထို့နောက် အံ့သြ တုန်လှုပ်သည့် အရိပ်များ၊ နောက်ဆုံးမှာတော့ စာနာ နားလည် ကရုဏာသက်သွားသည့် အရိပ်များ တစ်ခုပြီး တစ်ခု ထင်ဟပ်သွားသည်။ ချင်းအမျိုးသားကြီး၏ စကား အဆုံးတွင် နူးနူးက ကျွန်မ အနားသို့ လျှောက်လာကာ ကျွန်မရှေ့တွင် ထိုင်ချလိုက်သည်။

“ဒေါက်တာ၊ အဘွားရဲ့ မြေးလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်လောက် ကတည်းက သေဆုံး သွားခဲ့ပါပြီ”
“ဒါဆို အဘွားက”
ကျွန်မနှုတ်က ဖြတ်မေး လိုက်ရာ နူးနူးက ခေါင်း တစ်ချက် ညိတ်ပြပြီး-
“ဟုတ်တယ် ဒေါက်တာ။ အဘွားက မြေးကိုချစ်တဲ့ စိတ်ကြောင့် စိတ်ဝေဒနာသည် ဖြစ်သွားရှာတာ။ သူ့မှာ သားသမီး၊ ဆွေမျိုးတွေ အားလုံး မရှိကြတော့ဘူး။ ဒီမြေးလေးကို သိပ်ချစ်တာ။ မြေးလေး သေဆုံးသွားပြီဆိုတာ ကို သူဘယ်လိုမှ လက်မခံနိုင်ဘူး။ သူ့မြေးလေး မသေဘူးဆိုပြီး သူ့မြေးသင်္ချိုင်းဂူ နားမှာပဲနေတာ။ အိမ်ပြန် ခေါ်လို့ မရဘူး”

ကျွန်မက အဘွားအိုကို လှမ်းကြည့်လိုက်တော့ အဘွားအိုက ကလေးငယ် အရုပ်လေးကိုပွေ့ကာ လှုပ်ယမ်း ချော့မြူနေသည်။
“ဒါနဲ့ ရွာထဲက လူတွေက အ၀တ်စနဲ့ ကလေး အရုပ်လေးလုပ်ပြီး အဘွားရဲ့ မြေးလေးလို့ပြောပြီး အိမ်ပြန်ခေါ် တော့မှ အဘွားက အိမ်ပြန် လိုက်လာတော့တယ်။ ဒီအရုပ်လေးကိုလည်း သူ့မြေး အမှတ်နဲ့ ဂရုစိုက် ပြုစုလာတာ နှစ်ပေါင်းလေးဆယ် နီးပါးရှိ ပြီတဲ့ ဒေါက်တာရယ်”

နူးနူက စကားပြောရင်း ဆို့နင့်သွားဟန်ဖြင့် သက်ပြင်း ရှိုက်လိုက်၏။
“မိုးရွာတဲ့ နေ့ဆိုရင် အဘွားက သူ့မြေးအတွက် အမြဲ စိုးရိမ်သောက ရောက်နေတတ်တယ်။ ဘာလို့လဲဆိုတော့ အဘွားရဲ့ မြေးလေးဟာ မိုးရွာတဲ့နေ့မှာ အမောဖောက်၊ အသက်ရှူကျပ်ပြီး သေဆုံးခဲ့ရတာကိုး။ ဒီနေ့ မနက် ဒီရွာထဲ လူတစ်ယောက်က ကျွန်မတို့ ဆေးရုံရှိတဲ့ ရွာက ပြန်လာပြီး ဆေးရုံမှာ ရောဂါပျောက်အောင် ကုသနိုင်တဲ့ ဆေးဆရာမ တစ်ယောက် ရောက်နေတယ်လို့ ပြောသံကို အဘွားက ကြားလိုက်တယ်။ မိုးရွာနေတော့ သူ့မြေးလေး ရောဂါဖောက်လာပြီလို့ သူ့ စိတ်ထဲမှာ ထင်လာပြီး ဒေါက်တာ့ကို လာခေါ်တာ ထင်ပါရဲ့”

ကျွန်မက တဲထဲရှိ ချင်း အမျိုးသားကြီးနှင့် အမျိုး သမီးကြီးကိုကြည့်ကာ နူးနူး ကို မေးလိုက်သည်။
“သူတို့က ဘယ်သူတွေ လဲ နူးနူး”

“အဘွားရဲ့ အိမ်နီးနား ချင်းတွေလေ။ သူတို့ကလည်း နေ့လယ်ကတည်းက အဘွားရွာက ပျောက်သွားလို့ စိတ်ပူနေကြတာတဲ့။ အခု ဒေါက်တာ့ကိုမြင်မှ ကျွန်မကို မေးရင်းအားလုံးသိသွားတာ”

ကျွန်မ ဘာဆက်လုပ် ရမလဲ။ အသည်းအသန် စဉ်းစားရင်းပင် အဘွားအိုကို စာနာနားလည်မိသွားသည်။ ဒီခရီးကို လိုက်လာမိသည့် အတွက် ကျွန်မ နောင်တမရမိပါ။ အဘွားအို၏ မေတ္တာ စိတ်က ကျွန်မတစ်ကိုယ်လုံး ကို လုံခြုံစွာ လွှမ်းခြုံထား လိုက်သလိုခံစားလိုက်ရ၏။

ခဏကြာတွေဝေ စဉ်း စားနေပြီးနောက် ကျွန်မ အတွေးထဲမှာ အလင်းတန်းလေး တစ်ခုဖျတ်ခနဲ လင်းလက် သွားသည်။ ကံကြမ္မာကတွေ့ ဆုံပေးလိုက်သည့် အဘွားအို တစ်ယောက်အတွက် ကျွန်မ အတတ်နိုင်ဆုံး၊ အကောင်း ဆုံး လုပ်ဆောင်ပေးနိုင်မည့် တစ်ခုကို ကျွန်မပြုလုပ်ရ မည်။ ကျွန်မက ဆေးအိတ် ထဲမှ အားဆေးအချို့ကိုထုတ် ယူကာ နူးနူးအားလှမ်းပေး လိုက်၏။

“နူးနူး အဘွားရဲ့မြေးကို ဒီဆေးတိုက်လိုက်ရင် ရောဂါ အားလုံးပျောက်သွားမှာပါလို့ ပြောလိုက်”
နူးနူးက ကျွန်မကို နားမလည်နိုင်စွာဖြင့် ငေးကြည့် နေသည်။

“ဒေါက်တာ”
“ကျွန်မ ပြောခိုင်းတဲ့ အတိုင်းသာပြောလိုက်ပါနူးနူး။ ပြီးရင် အဘွားရဲ့ ဒဏ်ရာကို ဆေးထည့်ရအောင်”

နူးနူးက အဘွားကို ချင်းစကားဖြင့် ပြန်ပြောရင်း ဆေးလုံး ကလေးများအား အဘွားအို၏ လက်တွင်းသို့ ထည့်ပေးလိုက်သည်။ထို့နောက် ကျွန်မနှင့် နူးနူး အဘွားအို၏ လက်မောင်းမှ ဒဏ်ရာကို ဆေးကြော သန့်စင်ကာ လိုအပ်သော ကုသမှုများကို ပြုလုပ်ပေးလိုက်၏။

“ကျွန်မက သက်မဲ့ အရုပ်လေး အတွက် ဆေးပေးပြီး လိမ်ညာ လိုက်သလို ဖြစ်သွား ပြီလား။ ဒီလိုမှ မလုပ်ရင်လည်း ဘယ်နှယ့် လုပ်ရပါ့ မလဲ။ အဘွားအို စိတ်ချမ်းသာအောင် လုပ်ပေးဖို့က ဒီတစ်နည်းပဲ ရှိတာပဲ” အဘွား အိုကတော့ ကျွန်မစိတ်ထဲမှ အတွေးများကို ဘာမှမသိ။ သူ့မြေးလေး၏ အသက်၊ သူ့၏ ဝေဒနာပျောက်ကင်းမှု အားလုံးကို ကျွန်မအပေါ်တွင် ယုံကြည် စိတ်ချစွာ လုံးဝ ဥဿုံ ပုံအပ်ထားပုံရသည်။

ဒဏ်ရာကုသမှု အား လုံးပြီးစီးသည့်အခါ ကျွန်မက နူးနူး မျက်နှာကို သေချာ စိုက်ကြည့်ကာ တစ်လုံးချင်း ဖြည်းညင်းစွာပြောလိုက်သည်။
“နူးနူး၊ အဘွားရဲ့ မြေးလေးကို ကျွန်မပေးတဲ့ ဆေး တိုက်ပြီးရင် အဆုတ်ရောဂါ လုံးဝ ပျောက်ကင်းသွားပြီ။ နောင်မိုးရွာရင်လည်း ရောဂါ ပြန်မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်အဘွားလည်း စိတ်ချမ်းချမ်းသာသာနဲ့ စိတ်ချ လက်ချနေပါတော့လို့ အဘွား ကို ပြောပေးပါ”

နူးနူး၏ မျက်ဝန်းအစုံတွင် မျက်ရည်ကြည်လေးများကို ကျွန်မတွေ့လိုက်ရသည်။ စိတ်နုနယ်လွန်းသော မိန်းကလေးပါလား။ အဘွားအို ကတော့ နူးနူး၏ စကားကို နားထောင်ရင်း နှုတ်ခမ်းများက တဖြည်းဖြည်း ပြုံးရိပ် ဆင်လာကာ၊ နူးနူး၏ စကား အဆုံးတွင် ကျွန်မဘက်သို့ လှည့်ပြီး အားရပါးရ ပြုံးပြ လိုက်တော့သည်။ အဘွားအို၏ အပြုံးမှာ ကျွန်မမြင်ဖူးသမျှ အားလုံးထဲတွင် အဖြူစင်ဆုံး အပြုံးဖြစ်၏။ ထို့နောက် အဘွားအို၏ ရင်ထဲမှာ ပွင့်ကျလာသော စကားလေး တစ်ခွန်းကို ကြားခွင့် ရလိုက်သည်။

Comment

You need to be a member of Myanmar Online Society to add comments!

Join Myanmar Online Society

Advertisement

Shwe Web Hosting

© 2010   Created by Myanmar Society.   Powered by .

Badges  |  Report an Issue  |  Terms of Service